ကဗျာ ကဏ္ဍ
လရောင်က အလင်းကိုပဲပြတာ
ကြယ်တွေက လမ်းကိုပြတာ
အရွေ့မြန်တဲ့
အမြန်ရွေ့ခေတ်ကြီးထဲ
ခင်ဗျား နောက်တခေါက်ပြန်ရောက်လာပုံ ဆန်းတယ်
ခင်ဗျားတို့ကျနော်တို့ အရွယ်တွေဆိုတာကလည်း
တဆိတ်ရှိ ကိုယ့်ဇာတိကိုယ်ပြန်လွမ်းရတာနဲ့
ကိုယ့်အောင်မြေလေးကိုယ်
စိတ်ကူးနဲ့ ပြန်ပြန်နင်းကြည့်ရတာနဲ့
ဒါကိုဘဲ အရသာတွေ့နေတတ်တာမျိုးကလား
ဒါပေမယ့်
အီလွန်မတ်စ်နဲ့ ဇူကာဘတ်နဲ့
ကီဗင်ကလင်းန်တီရှပ်နဲ့
ကျူးဘားကို ခင်ဗျားမှတ်မိမယ်မထင်ဘူး"ချေ"
သမိုင်းဆိုတာ
တပါတ်လည်တတ်တယ်ဆိုဘဲ "ချေ"ရဲ့
လူတွေဆိုတာကလည်း
တဘဝလုံးလုံး မျက်စိလည်ချင်လည်နေတတ်တာမျိုး....
(သံသရာတခုလုံးလို့များပြောမိရင် ခင်ဗျားကရယ်ချင်ရယ်နေဦးမှာ)
အရင်းရှင်စနစ်ဆိုတာ
ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေနဲ့သာ
ဖြားယောင်းတတ်တာ မဟုတ်ဘူး
တခါတခါ
ဘုရားသခင်ကိုပါ စစ်ကူခေါ်သေးတာ
ရုရှားပြိုကွဲသွားမှာစိုးလို့
ဆိုဗီယက်ကို ဖြိုခွဲပေးလိုက်ရတာဆိုတဲ့
ဂေါ်ဘာချော့ကို ခင်ဗျားဘယ်လိုမြင်လဲ
ဆိုဗီယက်ကို
စပ်ထဘီလို ပြန်တွဲချုပ်ပေးချင်နေတဲ့ပူတင်ကိုရော
လူတန်းစားအမြင်ကို စွန့်လွှတ်လိုက်ရင်
ကွန်မြူနစ်တယောက်မှာ ဘာတွေကျန်ရစ်မလဲ
ဆင်းရဲတာ မကောင်းဘူးဆိုပေမယ့်
ချမ်းသာခြင်းဟာ အဖြေကောင်းတခုဆိုတာတော့
ခင်ဗျား မယုံကြည်ဘူးမဟုတ်လား"ချေ"
ဒါနဲ့ ရှီကျင်းပင်နဲ့ရော စကားစပ်ဖြစ်သေးရဲ့လား
တောင်တရုတ်ပင်လယ်ဘက် သွားကြည့်ကြဦးမလား
နေဦး"ချေ" ကျနော်ပြောဦးမယ်
ဘိုလီဗီးယား စစ်အစိုးရက
ခင်ဗျားရုပ်အလောင်းက လက်နှစ်ဖက်ကို
ဘာလို့ဖြတ်ပစ်သလဲဆိုတာ ကျနော်သိပြီ
ဒီကောင်တွေက
သေနတ်ကိုင်တဲ့ လက်နှစ်ဘက်ကိုကြောက်နေကြတာ
အနှစ်သုံးဆယ်လုံးလုံး
ခင်ဗျားကို မြှုပ်နှံထားရာနေရာကို ဖွင့်မပြောတာကလဲ
တော်လှန်ရေးကြီး
သူတို့နိုင်ငံကို ကူးစက်မှာကြောက်နေကြတာ
ကြောက်လွန်းလို့ လုပ်မိလုပ်ရာလုပ်ကြတာနေမှာ
ဖီဒယ်နဲ့ခင်ဗျားက
(နည်းပရိယာယ်အရ)
ကွန်မြူနစ်မဟုတ်ကြောင်း ခနခနပြောကြတယ်
တော်လှန်ရေးသမားဆိုတာ မတရားမှုကိုတိုက်ထုတ်ဖို့
ကွန်မြူနစ်တယောက်ဖြစ်စရာ မလိုဘူးလို့ ဆက်ပြောရမှာ
မလုပ်နဲ့"ချေ" မလုပ်နဲ့
ဖရီးမင်းတို့ တော်ဖလာတို့နဲ့ သွားမငြင်းနဲ့
ပညာတတ်တွေက အချက်အလက်တွေနဲ့စကားပြောတာ
ကွန်မြူနစ်ဆိုတာ
ဦးနှောက်နဲ့သာမက နှလုံးသားနဲ့ပါအလုပ်လုပ်တာ
သူတို့မသိကြဘူး
အဲ့လိုမပြုံးပါနဲ့"ချေ"
ကျနော်ခင်ဗျားတို့ခေတ်မှာ လူဖြစ်ကြည့်ချင်လိုက်တာ
အချစ်ကြောင့် ရူးသွပ်ကြတာမျိုး
ယုံကြည်ချက်ကြောင့် အသက်စွန့်ကြတာမျိုးက
ခင်ဗျားတို့ခေတ်မှာပဲ ရှိခဲ့တာလေ
ဝမ်းနည်းမနေပါနဲ့"ချေ"
ခင်ဗျားကိုသိသူတိုင်း ခင်ဗျားကိုချစ်လိမ့်မယ်မထင်နဲ့"ချေ"ရဲ့
ခင်ဗျားကိုချစ်လို့လဲ ခင်ဗျားနောက်လိုက်မှာမဟုတ်ဘူး
ကမ္ဘာကြီးကပြောင်းလဲသွားပြီလို့ သူတို့ကပြောကြလိမ့်မယ်
ကမ္ဘာကြီးနောက်အမှီလိုက်တယ်ဆိုတာ
ကိုယ်သိပြီးသားကမ္ဘာကြီးကို စွန့်ခွာခြင်းပဲလို့
ဆက်ပြောကြလိမ့်ဦးမယ်
ခွင့်လွှတ်ပါ"ချေ"
သမိုင်းဟာ ဖြစ်ချင်သလိုလည်း ဖြစ်တတ်ပါတယ်
ဒါပေမယ့်
ကျူးဘားဟာ ကျူးဘားဖြစ်လာဖို့
တော်လှန်ရေးတခု လိုအပ်ခဲ့ကြောင်းကိုတော့
သမိုင်းဟာ မငြင်းဆိုခဲ့ပါဘူး"ချေ"
ပြောရစေတော့ "ချေ"
ခင်ဗျားတို့ခေတ် ကမ္ဘာ့ပုလိပ်ကြီး Uncle Samက
ခု-ဒီမိုကရေစီသူရဲကောင်းကြီး
ခင်ဗျားတို့ရဲ့ပစ္စည်းမဲ့တော်လှန်ရေးသမားကြီးတွေက
ခု-ကျနော်တို့ ကျောရောရင်ရော
ဓါးနဲ့ထောက်လို့
ရယ်စရာပေါ့ "ချေ"
အာဏာဟာ သေနတ်ပြောင်းဝကထွက်တယ်ဆိုတဲ့မော်ရဲ့စကားက
ကျနော်တို့ဆီမှာ ခုထိမှန်နေတုန်းဗျ
ပြီးတော့လည်း
ပိုးလက်အိပ်ကိုစွပ်ပြီး တော်လှန်ရေးလုပ်လို့မရဘူးဆိုတဲ့
စတာလင်ရဲ့သွန်သင်ချက်ကလည်း
သွေးပွက်ပွက်ထအောင်မှန်နေတုန်းပါပဲ ရဲဘော်"ချေ"
ကိုသန်းထွန်း
Fighting
ReplyDeleteDone!
ReplyDelete