နေမထွက်နိုင်ငံတော် (၃)
ပန်းဆိုးတန်းတံတားအောက်က
မိန်းမပျက်တယောက်ကို မေးကြည့်တော့
ကျမကနိုင်ငံတော်တဲ့
သူမရဲ့ ရင်သားတွေမှာ
စွဲနေတဲ့ စီးကရက်နံ့တွေက
အကျင့်ပျက်ခြစားမှု
သူမရဲ့ ချွေးတွေမှာ
စွဲနေတဲ့ အပေါစားရေမွှေးနံ့တွေက
တရားဥပဒေ
မျက်ရည်တွေစိုဖူးခဲ့တဲ့ ပါးပြင်ဟာ
ပိပိရိရိကို အလောင်းဖျောက်ခံလိုက်ရတယ်
သတင်းစာရှင်းလင်းပွဲကြီးတခုလိုလေ
သူမရဲ့ ညည်းညူသံတွေကိုဓါတ်ခွဲကြည့်ရင်
အတုဘယ်နှစ်ခု အစစ်ဘယ်နှစ်ခုပါဝင်နေမှာလဲ
နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။
အန်နိုလာ
Comments
Post a Comment