"အရပ်သားကဗျာဆရာ"


ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ

ကဗျာမီးလင်းဖိုလေး သူ့နှလုံးသားမှာဖိုပြီး

နှင်းရေလို့ အဲ့ဒီလူကြီးက

အကျယ်ကြီးအော်လိုက်တယ်။


အဲ့ဒီလူကြီးရဲ့ အသက်ဓါတ်ဟာ

တခြား အသက်ဓါတ်တစ်ခုနဲ့

တသားတည်း ဖြစ်သွားတဲ့အခါ

ပန်ပန်ရေလို့ သူအကျယ်ကြီးအော်ဟစ်ပြန်တယ်။


ဒီဇင်ဘာ ၁၄ ရက်မှာ

နှင်းတွေမကျဘဲ

အဲ့ဒီလူကြီးတစ်ယောက်တည်းရဲ့အပေါ်ကို

ကဗျာတွေ တဖွဲဖွဲကြွေကျနေတယ်။


နှင်းအကြောင်းပြောရင်

ဒီဇင်ဘာကို ချန်ထားလို့မရသလိုမျိုး

ကဗျာအကြောင်းပြောရင်

အဲ့ဒီလူကြီးကို ချန်ထားလို့မရဘူး။


အဲ့ဒီလူကြီးဟာ...

တိုးတိုးလေး တိုက်နေတဲ့ မုန်တိုင်း

နှောင်ကြိုးလေးတစ်ခုရဲ့ အသက်

မိုးကောင်းကင်ရဲ့ ကဗျာ

အရပ်သားကဗျာဆရာ။


ဟဲလို ကဗျာလူသားကြီးရေ

ကဗျာတွေအတွက် အမြဲသန်မာနေလို့

ဘာသားနဲ့ ထုထားတာလဲဆိုပြီး

ကျနော်ကမေးရင်

ကဗျာသားနဲ့ ထုထားတာလို့

ပြန်ဖြေလိမ့်ဦးမယ် မဟုတ်လား။



အန်နိုလာ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ