"ရာမွန်သို့ပြန်စာ"
သို့
ချစ်သောရာမွန်
သင့်ထံမှ ပေးပို့သောစာလွှာကို
ကျွန်ုပ်တို့ ပြည်သူတွေရှေ့မှာ ဖတ်ပြခဲ့တယ် ။
ကျွန်ုပ်တို့ စတွေ့ခဲ့ကြတဲ့
"မာရီယာ အန်တိုနီယာ" ရဲ့ အိမ်ခန်းလေးကနေ
သင့် နောက်ဆုံးသတင်းကို
ကျွန်ုပ် အတည်ပြုကြေငြာနေရ ယခုအချိန်အထိ
ကျွန်ုပ်တို့နှစ်ဦးကြားက ခေါင်းစဉ်ဟာ
"တော်လှန်ရေး" မဟုတ်လား ရာမွန် ။
တပ်(ဇ်)ပန် ဆိပ်ကမ်း၊ အူဗာရိုတိုက်ပွဲ
စန်တာကလာရာထိုးစစ်..
ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်တိုင်း
စေးပျစ်နေတဲ့ သွေးကိုချည်း ထိစမ်းမိခဲ့
ရွက်ဖျင်ဟာ ဟောင်းနွမ်းခဲ့ပေမယ့်
ကျွန်ုပ်တို့ ရွက်လှေကတော့
ဆက်လက်ရွက်လွှင့်ဆဲပါပဲ ရာမွန် ။
အို ရာမွန်
"တကမ္ဘာလုံးအတွက်
တော်လှန်ရေးကို သင်ချန်ထားနိုင်ခဲ့ပေမယ့်
သင့်ချစ်ဇနီးနဲ့ သင့်သားငယ်သမီးငယ်တို့အတွက်တော့
တာဝန်မကျေပွန်သူတယောက်"တဲ့လား
မဟုတ်ရပါဘူး ရာမွန်
"အယ်လင်ဒါ" ဟာ
သင့်အတိုင်း ရဲရင့်သူ ဇနီးတယောက်ဖြစ်ပြီး
သင့် သားသမီးတွေကလည်း
သင့်စွန့်လွှတ်မှုမှာ ဂုဏ်ယူတတ်ကြပါရဲ့ ရာမွန် ။
အို ရာမွန်၊ သင်က
အရပ်ရပ်သော အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်သော တပ်ဦးက
လွန်သွားတချောင်းဖြစ်ရဲ့
သင့်သေဖော်ဟာ ကျွန်ုပ်ဖြစ်ပြီး
ကျွန်ုပ်သေဖက်က သင်ဖြစ်ရဲ့ ရာမွန် ။
တကမ္ဘာလုံးက
ညီညွတ်သော အလုပ်သမားထုနဲ့
ညီညွတ်သော လယ်သမားထုရဲ့ တိုက်ပွဲဝင်အလံမှာ
သင့်သွေးဟာ ပင်မရောင်စဉ်ပါပဲ ရာမွန် ။
ချစ်သော ရာမွန်
လူတန်းစားပဋိပက္ခကို ငြင်းပယ်ခြင်းဟာ
ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်ပြီး
ဘုရားသခင်ကို ငြင်းပယ်ခြင်းကတော့
လူတန်းစားပဋိပက္ခကို လက်ခံခြင်းဖြစ်ရဲ့မဟုတ်လား
အပျင်းထူတဲ့ ( နတ် )ဘုရားတွေ
အဆီယစ်နေတဲ့ ဘုန်းတော်ကြီးတွေနဲ့
သေသောက်ကြူးနေတဲ့ အာဏာရှင်တွေဟာ
လွန်ခဲ့တဲ့ ရာစုနှစ်တွေကထက် ပိုညီညွတ်လာကြပေါ့ ။
ကမ္ဘာအရပ်ရပ်မှာတော့
သီးနှံစပါးတွေ စိုက်ပျိုးရင်းက
လယ်သမားတွေက ဝမ်းစာရိက္ခာ ချို့ငဲ့နေကြဆဲ
တစ်နေ့ ရှစ်နာရီထက် ပိုအလုပ်လုပ်ရင်းက
အလုပ်သမားတွေဟာ
မျှတတဲ့ လုပ်ခလစာကို တောင်းဆိုနေရဆဲ
တော်လှန်ရေးဟာ မပြီးဆုံးသေးခင်
သင်ကတော့ ထွက်ခွာနှင့်ပြီပေါ့ ရာမွန် ။
ရာမွန်ရေ ..
သူတို့ရဲ့ သွားလေသူ သမ္မတအတိုင်းပဲ
တက္ကဆပ်က ကောင်းဘွိုင်တွေလည်း
ဟာဘားနားဆေးပြင်းလိပ်ကို ခဲကုန်ကြပြီ
ဝက်ပင်လယ်အော်မှာလည်း
ခရီးသည်တင် သင်္ဘောတချို့ဟာ ဖြတ်သန်းလို့ ။
အမရေိကဟာ
ပုပ်ပွနေတဲ့ သူ့အလောင်းကောင် သူထမ်းပြီး
အခုထိ ရူးနှမ်းနေဆဲပေါ့ ရာမွန် ။
ကျွန်ုပ်တို့ရဲ့ ခံကတုတ်တချို့လည်း
ကော်ပိုရိတ်ယဉ်ကျေးမှုအောက်မှာ ပြိုလဲခဲ့ပေါ့
ကျွန်ုပ်တို့ တော်လှန်ရေးကတော့
လူလူချင်း ဂုတ်သွေးစုပ်မှုတွေ မချုပ်ငြိမ်းမချင်း
မြင်းရိုင်းတကောင်လို
ခရီးပြင်း နှင်နေဆဲပဲ ရာမွန် ။
ဘိုလီဗီးယားရဲ့ တောနက်ထဲက
တောင်ပေါ်ရွာငယ်လေး "ဟီဂူးရာ" မှာ
သင်အိပ်ပျော်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပေမယ့်
သင့်အမည်နာမနဲ့ သင့်တော်လှန်ရေးကတော့
ကမ္ဘာ့အမည်နာမနဲ့
ကမ္ဘာ့တော်လှန်ရေးဖြစ်နေဆဲပါပဲ ရာမွန် ။
အို ကျွန်ုပ်တို့ရဲ့ ရာမွန်
ချူချာတဲ့ ပန်းနာရင်ကျပ်သည်ကောင်ကလေးဟာ
ကမ္ဘာကြီးကို သူ့ပခုံးနဲ့ တွန်းရွှေ့ခဲ့ပါပေါ့၊
တောင်အမေရိကရဲ့ နယ်စပ်မျဉ်းတွေပေါ်
ဆိုင်ကယ်တစီးနဲ့ ဖြတ်သန်းခဲ့တဲ့ လူငယ်ကလေးဟာ
ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ ကောင်းကင်ယံမှာ
နီလင်းနေတဲ့ကြယ် ဖြစ်ခဲ့ပါပေါ့လား ရာမွန် ။ ။
အလေးနီဖြင့်
သင့်ရဲဘော် - ဖီဒယ်
ကေဇ၀င်း
Comments
Post a Comment