ယူဂျီတစ်ကောင်ရဲ့ညစွဲများ
မှောင်ရီပျိုးတာနဲ့
အရာရာဟာ တိတ်ဆိတ်ငြိမ်သက်
မာကျူရီတွေအိပ်စက်နေတဲ့
မြို့ပြညစွဲတွေဟာ
ခြောက်ခြားထိတ်လန့်စရာတွေ ပြည့်နှက်နေရဲ့။
ဆယ့်ငါးပေကွာ လမ်းပေါ်က
ဖိနပ်သံ တဖျတ်ဖျတ်မှာ
ရင် တလှပ်လှပ်ခုန်ရတယ်။
ကားသံကြားတိုင်း ပြေးပေါက်ကြိုရှာရင်း
ဘယ်ချိန် .....
ပြတင်းပေါက်က ထွက်ပြေးရမှန်းမသိ
ဘယ်ချိန် .....
ခေါင်မိုးပေါ် တက်နေရမှန်းမသိ
ဘယ်ချိန် .....
လူမသိ သူမသိ ဆွဲစိခံရမှန်းမသိ
ဒီလိုမအိပ်မနေ ဖြတ်သန်းခဲ့ရတဲ့
စိတ်ကင်ဆာညတွေဆိုတာ
ငါတို့မြို့ပြကောင်တွေအဖို့တော့ ...... ဒုနဲ့ဒေးပဲ။
မီးလေးပိတ်လိုက်
ဖက်ကြမ်းလေးဖွာလိုက်
အဆောင်တံခါးရှေ့ ပြူကြည့်လိုက်နဲ့
ကတုတ်ကျွင်းထဲ မအောင်းရပေမယ့်
ဆယ်ပေပတ်လည် အခန်းကျဥ်းလေးထဲအောင်းရင်း
ကိုယ့်အသက်ကို ကိုယ်ပြန်ပြီး ဥာဏ်စောင့်နေရ။
ငါတို့မြို့ပြပြောက်ကျား ယူဂျီရဲဘော်တွေဆိုတာ
ယူနီဖောင်းလည်း မလိုသလို
စစ်ဖိနပ်လည်း မလိုဘူး။
ဂမ်းရှိရင် ကောင်မလေးရှိသလို
အရာရာပြီးပြည့်စုံပြီဆိုပြီး ကြိတ်ပျော်နေတဲ့ကောင်တွေ။
လမ်းစရိတ်လိုလို့ ရှိတာရောင်းလိုက်တာကျ
အိမ်ကိုတောင် အသိမပေးဘူး။
ပွဲကဖို့ ထောက်ပံ့ငွေလိုနေတာကျ
လိုင်းပေါ်တင်ပြီး မတောင်းကြဘူး။
တစ်ဖွဲ့လုံး ဖမ်းဆီးခံလိုက်ရတာကျ
တလောကလုံးသိအောင် အော်မပြောဘူး။
ပြီးတော့ .........
လက်ဖက်သုတ်နဲ့ လေးငါးယောက် စားနေရတာကျ
ဘယ်သူ့ကိုမှ မပြောပြကြဘူး။
(မြို့ပြမှာတော်လှန်ပြီး
ငတ်နေတယ်ပြောရမှာ ရှက်လို့)
သောက်စားပျော်ပါးနေတဲ့ သူတွေကို
ပင်လယ်တစ်စင်းလို ထိုင်ကြည့်ရင်း
ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာဆိုပြီး
တွေးမိတိုင်း ရင်ကွဲနေရတယ်။
"သားရီး မင်းတို့ဆီ ဝင်ဆီးမယ်ကြားတယ်"
အဲ့သတင်းရတာနဲ့ မှောင်ထဲမည်းထဲ ကရောသောပါး
ဖိနောင့်နဲ့တင်ပါး တသားထဲကျအောင် ပြေးရတယ်။
အဲ့အချိန် ..........
လမ်းစရိတ် ..... ဘယ်ဆီမှန်းမသိသေးဘူး။
စားစရိတ် ..... ဘယ်ဝယ်မှန်းမသိသေးဘူး။
ပြေးရင်းလွှားရင်း .....
အိမ်သာကျွင်းထဲ ကျဖူးတဲ့ကောင်တွေရှိတယ်။
တံတားပေါ်ကနေ ဒိုင်ပင်ထိုးချခဲ့တဲ့ကောင်တွေရှိတယ်။
တိုက်ပေါ်ကနေ "အရေးတော်ပုံအောင်ရမည်" လို့အော်ရင်း
ခုန်ချခဲ့ရတဲ့ကောင်တွေ ရှိခဲ့ဖူးတယ်။
မြို့ပြမှာ ..... ငါတို့ချစ်တဲ့သူတွေ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရဲ့။
ကျေးဇူးပြုပြီး
ငါတို့ထွက်ပြေးနေရတဲ့အကြောင်း
မတင်ကြပါနဲ့။
ငါတို့ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း
မပြောပြလိုက်ပါနဲ့။
(လန့်ပြီး မထောက်ပံ့ကြတော့မှာစိုးလို့)
မနက်မိုးလင်းမှ
ငါတို့အကြောင်းကို အရသာခံပြောပါစေ။
ငါတို့ကောင်တွေက မြို့ပြကိုချစ်လို့
လူမသိသူမသိ ယူဂျီတွေအဖြစ်နဲ့ တော်လှန်နေပေမယ့်
မြို့ပြက ငါတို့ကို ချစ်ရဲ့လားဆိုတာကတော့
ငါ့ကောင်ရေ ............
သိပ်တော့ မသေချာဘူး။
မက်အိမ်
MyitKwae
မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၂)၊ အမှတ်စဉ် (၈) တွင် ဖော်ပြထားသည့်ကဗျာကဏ္ဍမှဖြစ်ပါသည်။
Done 😔
ReplyDeleteDone
ReplyDelete