အိမ်
အမေ့စိတ်ကလေးကြည်လင်တဲ့အခါ
မနက်စာကိုချော့မော့ကျွေးခံရ
အမေ့စိတ်ကလေးညစ်နွမ်းတဲ့အခါ
ပူညံသံတစ်ချို့ကြောင့် အိပ်ယာကနေအလူးအလဲထရ
အဖေကအိမ်ဦးနတ်ဆို
အမေကအိမ်စောင့်နတ်ပဲ
တစ်အိမ်လုံး ထောင့်စေ့အောင်
စီစစ်သိမ်းဆည်းတာလဲ အမေ
ကြင်နာပြုစုတာလည်း အမေ
အော်ဟစ်ကျိမ်းမောင်းတာလည်း အမေ
အဖေကပင်စည်ဆို
အမေကအကိုင်းအခတ်လို
တစ်အိမ်လုံးကိုနွေးစေဖို့
တစ်ဘဝလုံးနဲ့ခြုံပြီး ထွေးထားပေးတယ်
ရယ်မောပျော်ရွှင်ခဲ့ရသလို
ငိုကြွေးပူပြင်းခဲ့ရ
ဥမကွဲသိုက်မပျက်ရုံနဲ့
မိနဲ့ဖကို ကျေးဇူးအထပ်ထပ်တင်ရ
ထွေးထားရင်ပိုနွေးသလို
ဝေးသွားရင်ပိုဆွေးရတယ်
ဟိုမှာလေ ငါ့မွေးရပ်မြေ
ဟိုမှာလေ ငါတို့အိမ်
ဟိုမှာလေ ငါ့မိဘတွေ
မမြင်ရတဲ့အရပ်ကိုလက်ညှိုးညွှန်
ခိုးခိုးခစ်ခစ်မရယ်နိုင်ခဲ့တဲ့
အိမ်နဲ့ဝေးတဲ့ လမိုက်ညများ
ဘဝရဲ့တက်လမ်း တဖြူးဖြူးကိုမြင်နေရ
အိမ်ပြန်လမ်းတွေကတော့
ဝေဝေဝါးဝါးနဲ့ နောက်ကောက်ကျန်ခဲ့ရ
ဘယ်ကိုရောက်လို့
ဘယ်နေရာမှာပဲပေါက်ပေါက်
ဒီအပင်ငယ်လေးဟာ
ဟောဒီ့ မိသားစုဆိုတဲ့အရိပ်ကလေးကို
မြတ်နိုးဆဲ တွယ်တာဆဲ
ကာလအပိုင်းအခြားရယ်လို့မရှိ
အောင်မြင်သည်ဖြစ်စေ
ကျရှုံးသည်ဖြစ်စေ
ပျော်ပျော်မပျော်ပျော်
မိဘတွေရဲ့အရိပ်မြုံဆီ
ပြန်ပြန်ပြီးခိုလှုံနေမိဦးမှာပါပဲ
ဘယ်အရိပ်နဲ့ယှဉ်ယှဉ်
အိမ်ဆိုတဲ့အရိပ်ကလေးက
ပိုလို့ပိုလို့နွေးပါတယ်။
Glowworm
Poetry Zone
လွမ်းလိုက်တာ အိမ်ကို 😭😭
ReplyDeleteDone
ReplyDelete