ကိုယ့်ခန္ဓာအမာရွတ်မရှိလည်း နက်နေတဲ့ဒဏ်ရာတွေအကြောင်း ကောင်းကောင်းကြီးနားလည်ဖို့လိုရဲ့
တော်လှန်ရေးဆိုတာ ပန်းသီးတစ်လုံးလိုသူ့အလိုလိုရင့်မှည့်ပြီးကြွေကျလာမှာ မဟုတ်..။
ကိုယ်တိုင်ခြွေချယူရတဲ့အရာလို့ အာနက်စတိုချေဂွေးဗားရားက ဆိုတယ်။
ဘယ်ကမ္ဘာ ဒုက္ခပင်လယ်ဝေနေပါစေ...
ရေပေါ်ဆီတွေဟာ ကိုယ့်နှာခေါင်းဝမှာရေမွန်းမှသာ ကောက်ရိုးကို ဘုရားထင်လာတတ်တာမျိုး...။
အသည်းနာတဲ့အခါ ကောက်သစ်စားပွဲကိုသာ လိုပြီး
ပျိုးမကြဲတဲ့လက်တွေကို အဂ်ုလိမာလလို တစ်ချောင်းချင်းလိုက်ဖြတ်ချင်ရဲ့။
ပင့်ကူအိမ်ကိုမမြင်ဘဲ အညှီငမ်းငမ်းတက်နေတဲ့ယင်ကောင်တွေ...။
တစ်ချိန်က မိန်းလမ်းမတွေပေါ် လူကြားကောင်းပရိတ်နာအော်ခဲ့...။
ဖိရင်ကြွမယ်၊ ထိရင်ချမယ်တဲ့။ မီးတုတ်ဆိုတာ လျှာဖျားနဲ့ရှို့ယူရတာမဟုတ်ဘူး။
ကိုကေဇဝင်းပြောသလို ဓားရဲ့တရားဆိုတာ လေမှာဝင့်နေရုံနဲ့မရ...။
ပန်းမှန်ရင် ကိုယ့်ရိုးတံနဲ့ကိုယ် နေပူကျဲကျဲပွင့်ရဲနေမှ...။
ငှက်မှန်ရင် ကိုယ့်အတောင်နဲ့ကိုယ် မုန်တိုင်းမည်းမည်း ပျံရဲနေမှ...။
လူဆိုတာ ကိုယ့်ဝမ်းနာကိုယ်သိတာထက် ကိုယ်ချင်းစာကိုသိဖို့ ပိုလိုတယ်။
ကိုယ့်ခန္ဓာလုံဖို့ရာထက် ကိုယ့်လိပ်ပြာလုံဖို့ရာ ပိုလိုတယ်။
ပြာပုံထဲက မျက်ရည်တွေကို
ရေလိုက်ငါးလိုက်ဝါဒီတွေ မမြင်ကြဘူး။
ဗုံးခိုကျင်းထဲက ဘဝတွေမှာ လေယာဥ်ပျံကို ကမ္မဝါဖတ်လို့မရဘူး။
ကောင်းကင်ကိုမော့ပြီး ကိုယ့်ကျောတစ်ခင်းစာဆုတောင်းနေမယ့်အစား
မြေပြင်ပေါ်တစ်လုံးချင်းကြွေနေတဲ့ကြယ်တွေကို အားနာပါ။
ပုစဥ်းရင်ကွဲလို အမှောင်မှာ နေသားကျနေမယ့်အစား
ပိုးစုန်းကြူးလောက်လင်းရင်ကို ကမ္ဘာတစ်ဖက်မှာ မေတ္တာများများရပါပြီ။
ကိုယ့်ခန္ဓာအမာရွတ်မရှိလည်း နက်နေတဲ့ဒဏ်ရာတွေအကြောင်း ကောင်းကောင်းကြီးနားလည်ဖို့လိုရဲ့။
- နှင်းရိပ်နွေ
Comments
Post a Comment