" *Freedom isn't free at all, "


ယူကျုံးမရ အော်သံမတိုင်ခင်မှာပဲမြင်ကွင်းရဲ့ ဘေးပတ်လည်အလွန်ထိ ဖုန်မှုန့်မီးခိုးတွေ ဖုံးအုပ်သွားတယ်။ ယူကျုံးမရအော်သံ။ ။နာကျင်မှုအဆင့်(သတ်မှတ်မရ)။ မှတ်ချက်။ ။စကန်(ဖတ်မရ)။ စုတ်ပြဲပြတ်ရှလွယ်တဲ့ အရေပြားနဲ့သွေးသား အကျိုးဆက်တွေကို ကိုင်ဆောင်ထားရတယ်။ ထိန်းသိမ်းထားနေရတယ်ဆိုတဲ့အတွေးက ထိတ်လန့်တုန်လှုပ်စေတယ်။ ဖျတ်ခနဲ အာရုံထဲဖြစ်ဖြစ်။ တခုတ်တရ အတွေးဆေးသားဖြစ်ဖြစ်။ တခုသော ညနေမှာ လွင့်စင်ပြန့်ကျဲသွားတဲ့ ထမင်းချိုင့်ကိုမြင်တယ်။ စက်ဘီးတစီးကိုမြင်တယ်။ ကျီးတွေပြို‌ကျနေတုန်းပဲ။ ကျီးတွေပေါ် အဖြစ်အပျက်က ပြိုကျနေတုန်းပဲ။ အဲဒီမှာ ဦးခေါင်းတလုံး ပျက်စီးသွားတယ်။ သွေးများ စီးကျလာကြတယ်။ ဘယ်ဘတ်စ်ကားမှ အိမ်ပြန်မပို့နိုင်တော့ဘူး။ ‌ဆေးရုံလမ်းကြား။ ဆံတော်ရှင်ခြေရင်း။ စိန္တေမြတ်ဘုရား။ သင်ကြားခဲ့သလား။ အသက်တချောင်းထဲ ဘဝဖြစ်တယ်ဆိုတဲ့ အယူအဆ အပွန်းအပဲ့လွယ်ပုံ။


လက်နက်တပ်ဆင်ရင်း လက်နက်မှ ဖိတ်စင်ခံရ။ 


ချစ်မေတ္တာတပ်လို့တပ်ဆင်ရင်း ချစ်မေတ္တာဖိတ်စင်ခံရ။


အပေါ်ယံအရေပြားတွေ လိုက်မမီနိုင်တဲ့ စိတ်ခန္ဓာတခုဟာ နေမထွက်ခင် သမိုင်းနဲ့သက္ကရာဇ်တွေတင်ဆောင်လို့ ခရီးလှည့်လည်သွားနေခဲ့တာ ... လှည့်လည်ခရီးသွားနေခဲ့တာ အကာလညတွေ အသိဆုံး။ စောင်တွေလိုခဲ့တယ်။ အဝတ်တထည်ကိုယ်တခုတွေလိုခဲ့တယ်။ ထမင်းပူပူလေးစားရဖို့ စာရွက်စာတမ်းတွေ အဆင့်ဆင့်ဖြတ်သန်းနေရတာကို လက်မခံနိုင်တာ ပုဂ္ဂိုလ်ရေးအရမဟုတ်ပါဘူး။ 


သိပ်မကြာခင် ရောက်လာမယ့် နှစ်တနှစ်ကို ယ္ခုလက်ရှိ မှိုင်းပြနေတဲ့ နှစ်တနှစ်က ဘာပြောမလဲဆိုတာ အရာအားလုံး နားစွင့်နေကြမယ်ထင်ပါတယ်။ ကျီးတွေပြို‌ကျနေတုန်းပဲ။ ကျီးတွေပေါ် အဖြစ်အပျက်က ပြိုကျနေတုန်းပဲ။ စနစ်ဟောင်းကို ဘယ်သူတွေပြင်လို့ စနစ်ဟောင်းကို ဘယ်သူတွေဖြိုနေလဲ။ ညရေးညတာဆို ထ ထ အောင့်တတ်တဲ့ ကျေးလက်မီးခိုးလေးများဆိုတာ ခြေဦးတည့်ရာ ပြေးလွှားနေကြရတဲ့ တောတွင်းတိရစ္ဆာန်နဲ့ လူစုလူဝေးပြုလုပ် မာကြောခြင်း ၊ ထိခိုက်ကြေကွဲလျက်ရှိသော လူလုပ်စမ်းချောင်းနှင့် အကိုင်းအခက်များ။


ဗမာတွေ ပူပါဦး။ ဆောင်းရောက်လာပြန်ပါပြီ။ ကျနော်တော့ဖြင့် ချမ်းသာကြွယ်ဝမှုဆိုတာကို သံသယဖြစ်လာပြီ။  ဒါလည်း အခုမှ မဟုတ်ပါဘူး။ ကျီးတွေပြို‌ကျနေတုန်းပဲ။ ကျီးတွေပေါ် အဖြစ်အပျက်က ပြိုကျနေတုန်းပဲ။ မပြိုလဲသူ တဦးတယောက်များ တယောက်စ နှစ်ယောက်စ ကျန်ရစ်သေးရင် ချက်ချင်းဆက်သွယ်ပါ။ အချင်းချင်းဆက်သွယ်ပါ။ ။ကြေးနန်း။ ။


-ကောက်ကွေ့

longliverevo

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ