" လက်ဖက်ရည်ဆိုင်သွားမယ် "


လက်ဖက်ရည်ဆိုင် သွားဖို့

ဘာတွေ လိုမလဲ

မတွေးရသေးတဲ့ အတွေးတွေလား

တွေးပြီးသား အတွေးတွေလား

ဖတ်လက်စ ရုပ်ရှင်နဲ့ ကြည့်လက်စ ကဗျာ

ဟိတ်ဟန်တကြီး အင်္ကျီကတော့

ချိတ်တခုမှာပိတ်မိနေတာ ကြာပါပြီ။


လိုရမယ်ရ မီးခြစ်တလုံးလား

မရှိမဖြစ် စီးကရက်တဘူးလား

အဝေးက ဆံပင်ရှည်တွေကို

ရောက်ရာအရပ်ကနေ တလှမ်းချင်း ဖြီးသင်ဖို့

အိတ်ဆောင် ဓာတ်မီးတလက်နဲ့ 

မလှန်လှောဖြစ်တဲ့ အဘိဓာန်ဟာ ကြာပါပြီ။


ခိုတွေ အစာရှာနေတုန်းလား

ကြောင်တကောင် ချောင်းမြောင်းနေတုန်းလား

လက်ဖက်ရည်ဆိုင် ရောက်တဲ့အချိန်ဟာ

လက်ဖက်ရည်ဆိုင် ထိုင်ချိန်ပေါ့

အော်ပရာက လေတဟူးဟူးတဲ့

ဗာဒံရွက်တွေကြွေသံနဲ့တင် ရင်ခုန်ရ

ခြေဖဝါးတွေ မြေကြီးမထိတာ ကြာပါပြီ။


ဘာတွေလိုဦးမလဲ 

စိုင်းထီးဆိုင်သီချင်း စဉ်းစားပါဦး*လား

ဘာတွေလိုဦးမလဲ

လူပဲလာရင် ရပြီတဲ့။


ဘယ်သူမှ ရှိမနေလည်း

လက်ဖက်ရည်ဆိုင်လေးက ပျူငှာနေမှာပဲ

ခဏတဖြုတ်အနားရတဲ့အခါ

မင်းနဲ့အတူ နောက်ထပ် အကြမ်းအိုးကို

ဆွေးနွေးပေးဦးမှာ။ ။


-ကောက်ကွေ့

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ