ဝလုံးလေးတွေ မြေခခဲ့ရတဲ့ နိုင်ငံတော်ရဲ့ ဈာပန




စီးသူမဲ့သွားတဲ့ 

ဖိနပ်‌သေး‌သေးလေးတွေ


လွယ်သူမဲ့သွားတဲ့

သွေးစွန်းလွယ်အိတ်လေးတွေ


ဖတ်သူမဲ့သွားတဲ့

မီးစွဲစာအုပ်‌လေးတွေ


စာလုံးပြန်ပေါင်းမရတော့တဲ့

အသက်မဲ့ ဝလုံးလေးတွေ


ခဲတံကျိုး ပေတံကျိုးတွေနဲ့

ခြေကျိုး လက်ကျိုး အညွန့်ကျိုးလေးတွေ

ခြေတွေ လက်တွေ ဖွာလန်ကျဲ

မြေခ ကြွေကျခဲ့ရတဲ့ ကလေးတွေ


မခံစားနိုင်လို့ သတ်ပါ သတ်ပါ

အော်နေတဲ့ ငယ်ပါပျောက်နေတဲ့

မောင်ဖုန်းလေးရဲ့အသံဟာ 

အရွယ်နဲ့မမျှ ခံစားလို့ သေခဲ့ရ


စာအုပ်လေးတွေ လွယ်အိတ်ထဲ

ထည့်ပြန်ရမည့်အစား

ပီနံအိတ်ထဲ အထည့်ခံလိုက်ရတဲ့ 

ဝလုံးလေးတွေရဲ့ ခန္ဓာကိုယ်တွေ


သမိုင်းအကြွေးမရသေးပဲ

ထပ်ရင်းခဲ့ရပီ

ဝလုံးလေးတွေ ကျည်ထိကုန်ပီ


ကျောင်းခေါင်းလောင်းသံကို

ကြေးစည်းသံလွှမ်းခဲ့တယ်

စစ်ခရာသံ ညံခဲ့တယ်

စစ်‌လေယာဉ်တွေ ဝေဟင်ကပျံဝဲ

မြေပြင်ကို ဗုံးကျဲဲကြတယ်

ဝလုံးလေးတွေ ကြွေရတယ်


ကလေးတွေကြောင့် စစ်မဖြစ်ပေမဲ့

စစ်ကြောင့် ကလေးတွေ 

သေခဲ့ကြရတယ်

အနာဂါတ်နိုင်ငံတော်လည်း 

သေရတယ်

ကလေးတွေရဲ့ အသုဘဟာ

နိုင်ငံတော်ရဲ့ ဈာပနပဲ


အခုတော့ကွယ်

လူမမယ် ကလေးတွေ

တသက်စာလုံး တူတူပုန်းခဲ့ရပီ


နောက်နောင်ဘဝ 

ငြိမ်းချမ်းစွာ အေးချမ်းစွာ

ကလေးတွေ 

ကျောင်းတက် နိုင်ကြပါစေ




San Zuren 🌸

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ