ဒီနွေမှာတမ်း



တန်ခူးလေရယ်ပို့လိုက်ပါ

နံ့သာရေစက် သပြေခက်နဲ့ ရေပက်နေတဲ့လမ်းကနေ

မစိုမပြေ တစ်ကိုယ်ရည် ခြောက်ကပ်နေတဲ့ သူတို့အတွက်


တန်ခူးလေရယ်ပို့လိုက်ပါ

နံ့သာရေစက် သပြေခက်နဲ့ ရေတစ်ခွက်ကို မျှလိုက်ပါ


တန်ခူးလေရယ် ပြောလိုက်ပါ

ဇမ္ဗူရစ်ရွှေ ပရပိုက်ရွှေနဲ့ ငုဝါပိတောက်လမ်းကနေ

မည်းမှောင်မွန်းကျပ် မလတ်ဆတ် အလင်းငတ်နေသူတို့အတွက်


တန်ခူးလေရယ် ပို့လိုက်ပါ

ဇမ္ဗူရစ်ရွှေ ပရပိုက်ရွှေနဲ့ ငုဝါပိတောက်တွေ ပို့လိုက်ပါ

အထီးကျန်ကျန် အကျည်းတန်လို့ ကာရံဂီတမဲ့သူအတွက်


တန်ခူးလေရယ် ပို့လိုက်ပါ

မုန့်လုံးရေပေါ် ဟေးဟားပျော်တဲ့ ပျော်ရွှင်ခြင်းတွေ ပို့လိုက်ပါ

နံရံတွေထက် ယုံကြည်ချက်ကို ပင့်သက်လွင့်ထူ သူတို့ထံ


တန်ခူးလေရယ် မျှလိုက်ပါ

ဆိုင်းသံဗုံသံ ဂီတသံနဲ့ သံချပ်တွေကို မျှလိုက်ပါ


တန်ခူးလေရယ် ပြောလိုက်ပါ

ပြန်ဆုံစည်းမှု မိသားစုနဲ့ စတုဒီသာဝိုင်းကနေ

သံတိုင်ထက်ခိုင် မယိမ်းယိုင် အောင်နိုင်စိတ်နဲ့ သူတို့ထံ


ဘယ်မှာနေနေ ဘာရေသောက်သောက် ဘယ်လောက်ဝေးဝေး

ငါတို့သွေးတွေအတူတူ

ငါတို့သွေးတွေအတူတူ

ငါတို့သွေးတွေအတူတူဟေ့...။



မင်းကိုနိုင်


Comments

  1. ဘယ်မှာနေနေ ဘာရေသောက်သောက် ဘယ်လောက်ဝေးဝေး

    ငါတို့သွေးတွေအတူတူ

    ငါတို့သွေးတွေအတူတူ

    ငါတို့သွေးတွေအတူတူဟေ့...။

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ