အကြောက်တရားကင်းသော နိုင်ငံတော်သစ်





မောင်ဘိုးရေးသားသည်


" အကြင်အရပ်၌

စိတ်သည် ကြောက်ရွံခြင်း ကင်း၏

ဦးခေါင်းကို မော့ထားနိုင်၏ ။ "

အိန္ဒိယကဗျာကဝိ ရာဘင်ဒြာနတ်တဂိုး၏ ဂီတဉ္ဇလီကဗျာများမှာ စာသားတစ်ခုဖြစ်သည်။ မည်သို့သောအရပ်သည် လွတ်လပ်သော ၊ နိဗ္ဗာန်ကဲ့သို့ အေးချမ်းသော အရပ်ဖြစ်ကြောင်း စာဆိုက       အလင်္ကာတန်ဆာဖွဲ့ထားရာ စိတ်၏ကြောက်ရွံ့ခြင်းကင်းသော အရပ်သည် လွတ်လပ်သည့် အရပ်ဖြစ်ကြောင်း သိရ၏။ 


အကြောက်တရားသည် မွေးရာပါပင်ကိုယ်ဗီဇဖြစ်သော်လည်း ပတ်ဝန်းကျင်အခြေအနေများကြောင့် ​ကြောက်စိတ်ကိုပိုမိုလွန်ကဲစေသည်။ ကြောက်စိတ်လွန်ကဲလာပါက ပြင်းထန်သောစိတ်ရောဂါများအထိပင် အကျိုးသက်ရောက်မှုရှိသည်။ လူတို့၏ပင်ကိုယ်ကြောက်စိတ်ကို ကောင်းစွာနားလည်သူများသည် ထိုကြောက်စိတ်ကိုအသုံးချ၍ ၄င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးချမှုများစွာရှိသည်။ ထိုသူများသည်၄င်းတို့ ပိုင်ဆိုင်သည့် လက်နက်၊ အာဏာ၊ငွေကြေး စသည်တို့ကိုအသုံးချကာ လူအများကိုအကြောက်တရားသွတ်သွင်းလေ့ရှိသည်။ စင်စစ်အားဖြင့် ယင်းမှာ ယုတ်မာအောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်။


အကြောက်တရားကို များသောအားဖြင့် နိူင်ငံရေး၊အုပ်ချုပ်ရေးများတွင် အသုံးချလေ့ရှိသည်။ သက်ဦးစံပိုင်ဘုရင်စနစ်တွင် ဘုရင်သည်သာ တစ်ဦးထဲအာဏာပိုင်ဖြစ်ပြီး ဘုရင်၏ နှုတ်ထွက်စကားသည် ဥပဒေဖြစ်သည်။ သို့ဖြစ်ရာ ဘုရင်ကိုမော်ကြည့်ဝံ့သူတစ်ဦးမှမရှိပေ။ ထို့သို့​ဖြစ်အောင် ဘုရင်က အကြောက်တရား​ဖြင့်ချုပ်ကိုင်ထားသည်။ ထို့အတူ ဖက်ဆစ်စနစ်သည်လည်း အကြောက်တရားအပေါ် များစွာတည်မှီသောစနစ်ဖြစ်သည်။ ဖက်ဆစ်စနစ်၏ ​ကြောက်မက်ဖွယ်ကောင်းသော ယုတ်မာဆိုးရွားပုံများက အတိတ်သမိုင်းစာမျက်နှာများက အထင်အရှားပြသနေသည်။ ဟစ်တလာ၏ ဂျူးများအတွက်ငရဲခန်းများ၊ ဂျပန်၏ ကင်ပေတိုင်တို့မှာ မျိုးဆက်နှင့်ချီကာအကြောက်တရားရစေမည့် ဖက်ဆစ်လုပ်ရပ်များဖြစ်သည်။


ဖက်ဆစ်သန္ဓေဆိုးမွေများစွာကို တလျှောက်လုံးခံယူလာခဲ့သော မြန်မာစစ်တပ်သည် ၂၁ရာစု၏ အရက်စက်ဆုံး ဖက်ဆစ်ယန္တရားများတွင် အပါအဝင်အဖြစ်သည်။ မြန်မာစစ်တပ်သည် နိုင်ငံရေးတွင် တောက်လျှောက်ပါဝင်နေသည်မှာ နှစ်ပေါင်း၆၀ ကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင်များသည် 

နိုင်ငံရေးကိုအမြက်ထုတ်ကာ ၄င်းတို့၏ကိုယ်ကျိူးအတ္တအတွက်အသုံးချခဲ့သည်။ စစ်တပ်သည် ရာစုနှစ်ဝက်ကျော်တိုင် တိုင်းပြည်နှင့်လူထုကို ဒုက္ခပေး၍ သက်ဆိုးရှည်နေသည်မှာ အကြောက်တရားအပေါ် အသုံးချခြင်းကြောင့်ပင်ဖြစ်သည်။ 


စစ်တပ်၏ အကြောက်တရားသွတ်သွင်းခြင်း နည်းလမ်းများသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများက သာဓကများစွာပင်ဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ လအစပိုင်းမြို့ပြ လမ်းမပေါ်တွင် သန်းနှင့်ချီသော လူထုများငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်စဉ်က ပြည်သူများသည် စစ်တပ်အပေါ်အကြောက်အလန့်မရှိသေးပါ။ ဆန္ဒပြပြည်သူများသည် သရုပ်ပြမှုပေါင်းစုံဖြင့် ပျော်ပွဲရွှင်ပွဲဆင်နွှဲနေသည့် အလားဟုပင် နိုင်ငံတကာမီဒီယာများကရေးသားကြသည်။ နောက်ပိုင်းတွင် စစ်တပ်က လက်နက်အားကိုးဖြင့်ဖြိုခွင်းမှုများရှိလာသောအခါ ဆန္ဒပြပွဲများသည် ခုခံမှုအသွင်ပြောင်းလာသည်။ ထို့နောက် လူအမြောက်အမြားသေကြေသည်အထိ စစ်တပ်က အကြမ်းဖက်သောအခါ လမ်းပေါ်ဆန္ဒပြပွဲများ တစတစနည်းလာပြီး ယခုအချိန်တွင် မရှိသလောက်နည်းပါးသွားသည်။ ယင်းမှာ စစ်တပ်ကလမ်းပေါ်ထွက် ဆန္ဒပြလျှင် ပစ်ခက်မည်ဟူသော အကြောက်တရားကို သွတ်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ 


စစ်တပ်၏ စစ်ကြောရေးများသည်လည်း ခုခံတော်လှန်သူများအတွက် ကြောက်မက်ဖွယ်ကောင်းသည့် ငရဲခန်းများဖြစ်သည်။ စစ်ကြောရေးတွင် စစ်သားများသည် ဂျုးငရဲခန်း၊ကင်ပေတိုင်စခန်းများကဲ့သို့ပင် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံဖြင့် စစ်မေးကြသည်။ ရိုက်နှက်ကန်ကျောက်ခြင်းမှစ၍ အက်ဆစ်နှင့်ပက်ခြင်း၊ ညစ်ပတ်မသတီသော ပတ်ဝန်းကျင်တွင်ထားခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းစသည့် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံကိုသုံးသည်။ စစ်ကြောရေးတွင် လက်လွန်ရင်းကွယ်လွန်သွားသူများစွာရှိပြီး ထိုကွယ်လွန်သွားသောသူများအပေါ် ညှင်းပန်းနှိပ်စက်သည့် ရုပ်သံများပြသကာ ခြိမ်းခြောက်စစ်မေးခြင်းများလည်းရှိသည်ဟု စစ်ကြောရေးကို​ဖြတ်သန်းလာသူများထံမှ သိရသည်။ 


ထိုနည်းတူပင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင်းဖမ်းဆီးခံရသူများကို သေဒဏ်မှစ၍ အမြင့်ဆုံးပြစ်ဒဏ်များအထိ စစ်တပ်က ချမှတ်နေသည်။ ကိုဂျင်မီ၊ကိုဇေယျာသော်အပါအဝင် လေးဦးကို စစ်တပ်က သေဒဏ်စီရင်လိုက်ခြင်းမှာ ယဥ်ကျေးသောလူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်လိုက်သောအကျည်းတန်လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့်ပင် စစ်တပ်ကိုဆန့်ကျင်သူများအဖို့ ဖမ်းဆီးခံရလျှင် ညှင်းပန်းနှိပ်စက်ခံရမည်၊ အမြင့်ဆုံးထောင်ဒဏ်များချမှတ်ခံရမည်ဟူသော အကြောက်တရားများက မသိစိတ်ထဲတွင်ရှိနေသည်။ စစ်တပ်သည် ထိုသို့ကြောက်သွားအောင်လည်း နှစ်ပေါင်းများစွာတိုင်ဤ နည်းလမ်းများကိုအသုံးပြုနေခြင်းဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးလုပ်သူဆိုပါက ဖမ်းဆီးခံရမည်၊ထောင်နှုတ်ခမ်းနင်းနေသူဟု ပတ်ဝန်းကျင် က ကဲ့ရဲ့ကြသည်။ ယင်းသို့ အရိုးစွဲသွားသော ကဲ့ရဲ့မှု၊ကြောက်ရွံ့မှုများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိပင်သွတ်သွင်းနေပြီး နောက်ထပ်ဆန့်ကျင်သူအတိုက်အခံများ တိုးမလာစေရန် နမူနာအားဖြင့် ညှင်းပန်းနှိပ်စက်မှုများထပ်တိုး လုပ်ဆောင်နေဦးမည်ဖြစ်သည်။


စစ်တပ်အပေါ်ခုခံမှုများ အဆက်မပြတ်ရှိနေသည့် အညာဒေသတွင်လည်း ဒေသခံပြည်သူလူထုအပေါ် အကြောက်တရားများဖြင့် ခြိမ်းခြောက်နေရာ PDF များကိုထောက်ခံသည့် ကျေးရွာများကို မီးလောင်တိုက်သွင်းခြင်းလည်း အပါအဝင်ဖြစ်သည်။ စစ်တပ်၏မူလရည်ရွယ်ချက်မှာ ဒေသခံတို့၏အိမ်များကို မီးရှို့ဖျက်စီးလိုက်ပါက နောင်တွင် ၄င်းတို့အနေဖြင့် PDF များကိုမထောက်ခံရဲလောက်အောင် ကြောက်ရွံ့သွားလိမ့်မည်ဟု ရည်ရွယ်သည်။ သို့သော်အညာဒေသတွင် စစ်တပ်၏အကြောက်တရားသွတ်သွင်းခြင်း နည်းဗျူဟာမှာ မအောင်မြင်ပေ။ အကုန်သတ်၊အကုန်မီးရှို့ဗျူဟာကို ကျင့်သုံးသော်လည်း အညာတွင် PDF အပေါ်ထောက်ခံသူမှာလျှော့ကျမသွားပေ။ မိမိတို့ဆုံးရှုံးသွားသောအရာများအတွက် စစ်တပ်အပေါ် နာကျည်းစိတ်ဖြင့်ပင် ပို၍ ရဲရင့်၊ ပို၍တော်လှန်လာကြသည်။ စစ်တပ်၏

အကြောက်တရားဗျူဟာက ဤတွင်အသုံးမဝင်။


စစ်တပ်သည် မြို့ပြကြီး၏ အများပြည်သူသွားရာ လမ်းမများတွင် လက်နက်တကားကားဖြင့် ယမ်းကားသွားလာနေပြီး လူထုကိုစိတ်အနှောင့်အယှက်ဖြစ်စေရန် မထင်ရင်မထင်သလိုစစ်ဆေးနေကြသည်။ ပြည်သူများ၏ညဘက်အိပ်ချိန်တွင်လည်း အတားအဆီးမရှိ ပုဂ္ဂလ လွတ်လပ်ခွင့်မရှိ သားပျိုသမီးပျို တို့၏ ခြင်ထောင်တွင်းသို့ပင် မထင်သလို ဝင်ရောက်စစ်ဆေးသည်။ လွတ်လပ်စွာပြောဆိုခွင့်ကို ပျောက်ကွယ်သွားရန် လူမှုကွန်ရက်များတွင် ရေးသားသော စာများကို အကြောင်းပြုကာ ဖမ်းဆီးသည်။ အကျဥ်းချသည်။ လူထု၏ နေ့ရက်များကို အကြောက်တရားဖြင့် ဖိန့်ဖိန့်တုန်နေစေရန် စစ်ဝတ်စုံမြင်လျင် ကြောက်ရွံ့နေစေရန် အာဏာရှင် နောက်မြှီးစွဲ များကို ပင်မြင်လျင် တုန်လှုပ်နေစေရန် စနစ်တကျ ဖန်တီးသည်။


စင်စစ်အားဖြင့် အကြောက်တရားသည် လူတိုင်းရှိကြ၏။ သို့သော် လက်နက်အားကိုး၍ အကြမ်းဖက်နှိပ်စက်သောနည်းဖြင့် အကြောက်တရားကို ရင်ဆိုင်ကျော်လွှားကာတော်လှန်နိုင်ရန် အရေးကြီးသည်။ စစ်တပ်သည် အကြောက်တရားဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်းကြာပြီ။ ကြောက်ရွံ့ခြင်းကြောင့် လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်းတို့နှင့် အလှမ်းဝေးနေသေးသည်။ ကျွနု်ပ်တို့ ဘယ်အချိန်ထိကြောက်နေကြဦးမည်လဲ။ ကျွန်ုပ်တို့ကား ကြောက်ရွံ့ခြင်းကို သိလျက်နှင့်ပင်မရုန်းထွက်နိုင်ကြ။ အညာဒေသမှ နှိပ်စက်ခံပြည်သူများက အ​ကြောက်တရားကို ရဲရဲရင်ဆိုင်ကာ ရုန်းထွက်တော်လှန်နေသည်မှာ အကောင်းဆုံးစံပြုစရာပင်ဖြစ်သည်။ 


ရှေ့တွင်ဖော်ပြခဲ့သော ရာဘင်ဒြာနတ်တဂိုး၏ ကဗျာစာသားအတိုင်း ကြောက်ရွံ့ခြင်းကင်းသည့် လွတ်လပ်ငြိမ်းချမ်းသောတိုင်းပြည်ကို ကျွနု်ပ်တို့၏မျိုးဆက်များအပေါ် အမွေအဖြစ်ပေးခဲ့ရပေမည်။ အဆုံးသတ်တိုက်ပွဲနှင့် တွေ့ကြုံနေရသောကာလတွင် စစ်ကျွန်တွင်းနွံနစ်စေခဲ့သော အကြောက်တရား ကိုပယ်ဖျောက်ကာ တချီတည်းရုန်း၍ တော်လှန်ကြပါစို့။


လူထု၏အကြောက်တရားသည် အာဏာရူးတို့၏အစာဖြစ်သည်။အာဏာရှင်သည် အကြောက်တရားကို စားသုံးကာ ဆိုးသွမ်းသော ဘီလူးဖြစ်နေခဲ့သည်။ ကြောက်သောကြောင့် နိုင်ငံတော်သစ်ဟူသော လာဘ်နှင့်လွဲခဲ့ရပြီးဖြစ်သည်။ ရဲခြင်းဖြင့် မင်းဆိုး မင်းညစ်ကို အမြစ်ဖြတ်သုတ်သင်ကြပါစို့။


Towards

နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ