ရာမွန်မှကေသို့ပြန်စာ
သို့
ချစ်သော ကေ ။
ခင်ဗျားရေးလိုက်တဲ့စာကို ဖတ်ရတဲ့ခဏမှာပဲ
သိပ်မကြာခင်
ခင်ဗျားရောက်လာတော့မယ်ဆိုတာ
ကျွန်တော်သိနှင့်ပြီးပါပြီ ။
အဲ့ဒီမြေမှာက ဘယ်ကိုသွားသွား
နာကျင်မှုတွေ ၊ မျက်ရည်တွေနဲ့ပဲ ပြည့်နေတာ
မဟုတ်လား ။
အမှားအယွင်းတွေနဲ့ပဲ
ကျူးကျော်ယဉ်ပါးနေကြရတယ် ဆိုပါစို့ ။
မိအိုဖအိုတွေက
သူတို့ရဲ့ သားပျိုသမီးပျိုလေးတွေကို
မြှုတ်နှံသဂြ်ိုလ်ပေးနေကြရတာ မြင်ရတော့
အရင်ကာလများမှာ ခင်ဗျားနဲ့ကွဲလွဲခဲ့ဖူးတာတွေ
နောင်တရမိပါတယ် ။
ခင်ဗျားက
တော်လှန်သောတပ်ဦးက လွန်သွားတစ်ချောင်း
ဖြစ်တယ် တဲ့ ။
တော်လှန်ရေးကို စတင်ဖောက်ခွဲမယ့်
စနက်တံဖြစ်တယ် တဲ့ ။
အို ချစ်ရပါသော ကေ ။
ဓားကို အညှာအတာမဲ့ ဆွဲထုတ်တတ်တဲ့
ဘယ်ဘုရင်ကိုမဆို
ခင်ဗျားမုန်းတတ်တာ ကျွန်တော်သိပါရဲ့ ။
ခင်ဗျားလိုလူက အချိန်ကုန်ခံပြီး
တွေဝေနေမှာမဟုတ်ဘူးဆိုတာလည်း
ရိပ်မိပါရဲ့ ။
ထင်ထားတဲ့အတိုင်း
ကျက်သရေရှိလိုက်ပါဘိ ကေ ။
တောင်အမေရိက ကမ်းရိုးတန်းက
ကာဘရိုက်တာမကောင်းတော့တဲ့ ဆိုင်ကယ်သံလို ၊
ကျွန်တော်တို့ရဲ့ ဧရာတိုင်ဆွေးနေတဲ့
ဂရမ်မာရွက်လှေလေးလို ။
ရိုင်ဖယ်ပြောင်းအကျိုးလေးကို
ပြန်ဆက်နေတဲ့ ကျူးဘားကြံခင်းတွေထဲက
ရှူနာရှိုက်ကုန်းလေးလို ။
ဟေ့ မင့်တာဝန်ရှိသလို
ငါ့ကိုပစ်လိုက်စမ်းပါကွဲ့ ကြောက်မနေပါနဲ့လို့
ဘိုလီးဗီးယားရွာလေးရဲ့ ကျောက်ကုတင်ပေါ်က
မုတ်ဆိတ်ထူထူကြီးတွေလို ။
ဂုဏ်အသရေ တင့်တယ်လိုက်ပါဘိ ကေ ။
ကျွန်တော့်မှာချစ်ရသူ အယ်လင်ဒါ ရှိပါတယ် ။
ခိုင်ခန့်တဲ့အပင်တိုင်းမှာ
သိပ်သည်းအေးမြတဲ့အရိပ် ရှိတတ်တယ် ကေ။
ခင်ဗျားဘဝမှာလည်း ခင်ဗျာ့အရိပ်လေး
ရှိခဲ့ဘူးတယ်မဟုတ်လား ။
သက်ထားသိပါလိမ့်မယ် ကေ ။
ကဗျာဆရာရဲ့တာဝန်က
တောင်းဆိုနေရုံနဲ့ မပြီးဘူးဆိုတာ ၊
ကဗျာဆရာရဲ့တာဝန်က စွန့်လွှတ်ဖို့လည်း
ဝတ္တရားရှိတယ်ဆိုတာ ၊
သက်ထားသိပါလိမ့်မယ် ကေ ။
အခု နာကျင်စရာလည်း မရှိတော့ဘူးပေါ့ ။
ဘာကိုမှ စောင့်နေစရာလည်း မလိုတော့ဘူးပေါ့ ။
သတ္တိအရှိဆုံးလူတွေအတွက်တောင်
ခက်ခဲကြရပါတယ် ။
နေရထိုင်ရ သက်သာပါရဲ့လား ။
အို ချစ်သော ကေ ။
ဒီလောက် ရွေးချယ်စရာများတဲ့လောကမှာ
ကေဇဝင်းအဖြစ် ခင်ဗျားဆိုက်ရောက်ခဲ့
ပြီးတော့ ပြန်လည်ထွက်ခွာခဲ့ ။
မုံရွာရေ ကြီးမြတ်လွန်းပါဘိကွယ် ။
ကေ ရေ
ကျွန်တော့ကွပ်ပျစ်ရှေ့က ပန်းတင်ခုံလေး
လွတ်နေတာ ကြာလှပါပြီကော ။
ခင်ဗျားလာရင် သစ္စာပန်းတွေပါမယ်မဟုတ်လား ။
နီနီစွေးစွေးတစ်ပွင့်မျှလောက်သာ
မျော်လင့်မိပါရဲ့ဗျာ ။
ကျန်တဲ့ပွင့်ဦးတွေကိုတော့
ခင်ဗျားချစ်တဲ့ အဲ့ဒီ့မြေအတွက်သာ
ချန်ထားရစ်ခဲ့ပါ ။
ခင်ဗျားအမိန့်မရမချင်း ဘယ်သစ္စာပန်းတွေမှ
နွမ်းရဲကြွေရဲကြမယ်မထင်ပါဘူး ကေ ။
သင့်ရဲ့
ချစ်လှစွာသော
ရာမွန်( ချေဂွေဗားရား ) ။
သန်းတင့်
သို့
Comments
Post a Comment