ငါ့နာမည်ဂုဏ်သရေရှိ


ဒီအချိန်ကစ

ဒီနေရာကစ

အခုကစပြီးသကာလ

ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ်

ငါ့နာမည်“ဂုဏ်သရေရှိ”

ဘ၀အဆက်ဆက်က ငါ့နာမည်တွေ

လက်ထိုးအန်ပစ်ရမယ်

ငါ့နာမည်”ဂုဏ်သရေရှိ”

အခုလို

ငါ့နာမည်ကို

”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း

ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့

ဒင်းတို့က သဘောမတူကြသလို

ငါက ချစ်သလောက်

ငါ့ကို ပြန်မချစ်နိုင်တဲ့

ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး

ထား

ခုကြည့်

ငါ့အမေကလည်း တငိုငိုတယိုယို။

နာမည်ဆိုတာ တည်ဆောက်ယူရတယ်

နာမည်မရှိရင် ဘာမှမရှိ

နာမည်ရှိမှ

လူတစ်လုံးသူတစ်လုံးဖြစ်သော

လူတစ်လုံးသူတစ်လုံးများကြား

နာမည်မရှိရင် သေနိုင်တယ်။

ဘယ်လိုလုပ်မလဲ

လွယ်ပါတယ်

နာမည်ဆိုတာ

မြို့တွေထဲမှာရှာကြည့်

“မက်ဒရစ်”တဲ့

နာမည်ဆိုတာ

မြစ်တွေထဲမှာရှာကြည့်

”ဗော်လဂါ”တဲ့။

နာမည်ဆိုတာ

တောင်တန်းတွေထဲမှာရှာကြည့်

“ကီလီမန်ဂျာရိုး”တဲ့။

နာမည်ဆိုတာ

လမ်းတွေထဲမှာရှာကြည့်

”ရှောင်ဆေလီဆေး”တဲ့။

နာမည်ဆိုတာ

“ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့

ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။

အားလုံး

နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့

နာမည်ဆိုတာ

လှဖို့လည်းလိုအပ်တယ်

ငါ့နာမည်”ဂုဏ်သရေရှိ”လို

လှဖို့လည်းအပ်တယ်။

ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍

လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။

ဖော်ဝေး

မြေချစ်သူ

မောင်ချောနွယ်

အလန်ဂျင်းစဘတ်

ဆီလ်ဗီရာပလပ်သ်

ရာရောဆလတ်ဆိုက်ဖပ်

မီရောဆလတ်ဟိုးလုပ်

ဝေါလေ့စတီဗင်

ဗာစကိုပိုပါ

အက်ဇင်ဘာဂျာ

စသဖြင့်

နာမည်တွေ…

လှတယ်။

နာမည်ဆိုတာ

လှဖို့လည်းလိုအပ်တယ်

ငါ့နာမည်”ဂုဏ်သရေရှိ”လို

လှဖို့လည်းလိုအပ်တယ်။

ရောမဆိုထင်ရဲ့

အဲဒီအရပ်သားတွေကတောင်

ငါ့နာမည်”ဂုဏ်သရေရှိ”အမည်နဲ့

အယ်ပါယာအသစ်ထူထောင်ချင်ကြောင်း

ငါ့ထံမှာ ခွင့်ပန်ဖူးတယ်

ယုံပါလေ။

အခု

ဒီကမ္ဘာကြီးမှာ

နာမည်တွေကို မြို့တည်ကြတယ်

နာမည်တွေကို စီးကရက်လုပ်ကြတယ်

နာမည်တွေကို အရက်လုပ်ကြတယ်

နာမည်တွေကို အမြည်းလုပ်ကြတယ်

နာမည်တွေကို အလေးပြုကြတယ်

နာမည်တွေကို လက်ဆွဲနှုတ်ဆက်ကြတယ်

ပြီး၊ နာမည်တွေနဲ့ စစ်ဖြစ်ကြတယ်

နာမည်ဆိုတာ

နာမည်တစ်လုံးပါပဲ

နာမည်ဆိုတာ

ငါ့နာမည်”ဂုဏ်သရေရှိ”လို

နာမည်တစ်လုံးပါပဲ။

ငါ့နာမည်”ဂုဏ်သရေရှိ”ဆိုတာ

ဘယ်တော့မှ ကောင်းကင်ကို မော်မကြည့်

ကမ္ဘာမြေကိုလည်း ငုံ့မကြည့်

အရှိကိုအရှိအတိုင်း

အရှိတရားကိုပဲ အသိမှတ်ပြုတယ်

အမှန်တရားကိုပဲ ဦးညွတ်တယ်

အထက်ပါ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ

လူအဖြစ်ကို ရရှိခြင်း

လူအဖြစ်ကို မရရှိခြင်းကြားမှာ

မျှတစွာ ကျင့်ကြံနေထိုင်တတ်သူလည်းဖြစ်တယ်။

စစ်ပွဲများ

တရားဒေသနာများ

အလိုဆန္ဒများ

ခြင်များ

ကြွက်များ

တစ်ယောက်ကိုတစ်ယောက်

အလိုမရှိဘဲ ဖယ်လှဲတကင်းဖြစ်ရခြင်းများ

နာမည်ဆိုတာ

နို့ဆာလို့ အော်ငိုလိုက်သလို

ဒီအသက်ဒီအရွယ်ကျမှ

ကလေးဆန်လို့လည်း မရတော့။

မြို့မငြိမ်းဟာ

မြို့မငြိမ်းပဲ

ကတ်ကိုဘိန်းဟာ

ကတ်ကိုဘိန်းပဲ

မာယာကော့(ဖ)စကီးဟာ

မာယာကော့(ဖ)စကီးပဲ

ငါ့နာမည်”ဂုဏ်သရေရှိ”ဟာ

ငါ့နာမည်”ဂုဏ်သရေရှိ”ပဲ။

ဒီလို စိတ်ကြီး၀င်

အခုလို ကြီးကျယ်မြင့်မြတ်ပြီး၊

ရင်းရင်းနှီးနှီး

ငယ်ပေါင်းကြီးဖော်တွေလို

ဘုရားသခင်ကို

လက်ဆွဲနှုတ်ဆက်ဖူးသလား။

ငါ့နာမည်”ဂုဏ်သရေရှိ”ပါ။

သွေးနဲ့

သားနဲ့

အသက်နဲ့

အရွယ်နဲ့

အကျိုးနဲ့

အကြောင်းနဲ့

အမှန်နဲ့

အမှားနဲ့

ဒါပေမယ့်

ခုလို

တညည်းညည်းတညူညူဖြစ်လို့

ဒါပေမယ့်

အခုလို

ငါ့နာမည်”ဂုဏ်သရေရှိ” ဖြစ်ကြောင်း ဖွင့်ဆိုလို့

အဲဒီလို

အထက်ပါ ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ

လက်မ ထိပ်အပ်စိုက်၍

မိုက်မိုက်မဲမဲ သူရဲကောင်းမျိုးဖြစ်ခဲ့ဖူးပါပြီ

ထို့နောက်

မထင်မရှား

ပြက်ရယ်ပြုခံခဲ့ဖူးပါပြီ

ထို့နောက်

ငါ့နာမည်ဟာ ဂုဏ်သရေရှိခဲ့ဖူးပါပြီ။

သူငယ်ချင်းတို့။


ကြည်ဇော်အေး

ဟန်သစ်

၂၀၀၄

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ