“ဟဲလို .. မက်ဆီ”



မက်ဆီ …

ခင်ဗျားတို့ဖလား ကျုပ်တို့ကိုငှါးဗျာ

“ကိုပါ” တစ်လှည့် ၊ “ဖီဖာ” တစ်လှည့်

ပိုလျှံနေတဲ့ ဖလားတစ်ခုလောက်

ခင်ဗျား ခဏပေးဗျာ


အီရန်က မာရှာအာမနီက

ဟိဂျက်ဘ်တစ်ခုအတွက် အသက်ပေးသလို၊ 

စနိုက်ပါကျည် ခေါင်းထဲပစ်သွင်းခံရတဲ့

ကြယ်စင်လိုက လွဲပြီး

ကျုပ်တို့က ဂုဏ်ယူစရာ 

ကမ္ဘာကျော်အဖြစ်ရှားနေလို့


ခင်ဗျားတို့ နိုင်ငံက လူအစစ်တွေလို

ညလုံးပေါက် ဖလားအောင်ပွဲမျိုး

ကျုပ်တို့လည်း အော်ဟစ်မြူးထူးချင်တယ်

သေရည် နဲ့ သေဒဏ်ပဲ ခပ်ပေါပေါ ရတဲ့

နိုင်ငံက ..

လူအတုတွေရဲ့

ဆောင်းညအိပ်မက်အေးအေးတွေပေါ့


ခြေစစ်ပွဲ၊ အုပ်စုပွဲ၊ ရှုံးထွက်ပွဲ၊ ဗိုလ်လုပွဲ ..

ခင်ဗျားတို့ မနက်ဖြန်တိုင်းက

ချေပဂိုးနဲ့ အနိုင်ပွဲနဲ့

ကျုပ်တို့က လူသတ်ပွဲ ၊ မီးရှို့ပွဲ

မတရားမှု ပိုက်ဘောအကြီးကြီးကိုမှ

နာကျင်အချိန်ပိုကျော်အောင်

ကိုင်ဆော့ထားရတာဗျ


ခင်ဗျားတို့က “ချေ” ကိုရတယ်၊

“မာရာဒိုနာ” ကိုရတယ်၊ “ပုပ်ဖရန့်စစ်” ကိုရတယ်

“မက်ဆီ” ကိုရတယ်၊ “ဖလား” ပါရတယ်

ကျုပ်တို့ က အာဏာရှင်စနစ်ရတယ်၊ 

ပြည်တွင်းစစ်ရတယ်၊

စစ်ဘေးရှောင်တွေရတယ်၊ ပြာပုံတွေရတယ်

တစ်ကမ္ဘာလုံးရဲ့ သနားစရာ

စုပ်သပ်မှုတွေ အစုလိုက်အပြုံလိုက်ရတယ်


တစ်ဖက်ခံစစ်ကို ပြိုလဲနိုင်တဲ့

ခင်ဗျားတိုက်စစ်ကို ထုံကူးပေးဗျာ၊

ဘောလုံးက ..

အာဂျင်တီးနားရဲ့  ဒုတိယမြောက်နိုင်ငံရေး၊ 

လွတ်လပ်မှုကို အရန်ခုံကနေ

ထောင့်ကန်ဘောလို လှမ်းမျှော်ရတဲ့

ကျုပ်တို့က လူသားဒိုင်းလုပွဲ နိုင်ငံရေး


ကမ္ဘာလုံးချောချောကြီးပေါ်က

ချိုင့်ခွက်တွေများတဲ့ မြေပုံထဲမှာ

ထောင်လိုက် ပိတ်မိနေတဲ့ ကျုပ်တို့ပါ၊

ခင်ဗျားနှုတ်ခမ်းတွေ နစ်ဝင်သွားအောင်

ရှုံ့နမ်းလိုက်တဲ့ ..

ပျော်ရွှင်ခြင်း ဖလားကို

ငှါးရမ်းပျော်ပါးချင်သူ 

လူရိုင်းတွေပေါ့.. မက်ဆီ


-DLY

19.12.22

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ