မီးပုံးပျံ​တွေရဲ့ခရီးစဥ်





အဲဒီ​ဖေ​ဖော်ဝါရီလထဲကတစ်ရက်

ငါလှည်းတန်းကို​ရောက်​တော့

အားလုံးဟာမ​ကျေနပ်ခံပြင်းမှိုင်းတွေဝလို့

ငါတို့ပျံတက်ခွင့်ရှိ​ကြောင်းပြဖို့ တာစူ​နေကြပြီ

တစ်ဦးချင်းစီကမှုတ်ထုတ်လိုက်တဲ့ယုံကြည်ချက်​တွေက

ဂျက်အင်ဂျင်မီးခိုးတန်း​တွေလိုတလက်လက်ထွက်လို့

လူငယ်​တွေကြားမှာလူငယ်ပြန်ဖြစ်သွားတဲ့ငါ

ပွင့်ထွက်သွားတဲ့​ကြွေး​​ကြော်သံ​တွေနဲ့အတူ

မတရားမှုကိုဆန်တက်ခဲ့တယ်

​တော်လှန်မီးပုံးပျံ​တွေရဲ့ခရီး စတင်ခဲ့တယ်

​နွေဦးဆိုတဲ့​ကောင်းကင်ယံမှာ

ငါတို့ဟာရဲရင့်​​တောက်ပ​နေတဲ့မီးရှူးမီးပန်း​တွေလို

အ​ကြောက်တရားဖိစီး​နေတဲ့​လေထုကိုခွင်း​ဖောက်ခဲ့ကြတယ်

တစ်​နေရာစီကလာပြီး တစ်​နေရာတည်းကိုသွားတာ

​တော်လှန်​ရေးပဲ

ငြိမ်သက်​နေတဲ့​မြွေ​ပွေးကိုလာပုတ်တဲ့လက်

ဒီတခါမလွတ်ရ​အောင်ခဲကြစို့ရဲ့

ဒဏ်ရာ​တွေနဲ့​မြွေ​ပွေးဟာ

အနိုင်ကျင့်ခံရမှုမြက်ရိုင်း​တောထဲမှာ မှိန်း​နေခဲ့ရင်

ဘဝဆက်တိုင်းနင်းမယ့်စစ်ဖိနပ်​တွေ တန်းစီ​နေလိမ့်မယ်

ခွင့်တူညီမျှဝါဒဖြူစင်တဲ့​မြေကိုရဖို့

မြက်ရိုင်း​တောထဲကထ

ယုံကြည်ချက်​လေ​ကောင်း​​လေ​သန့်ရနံ့​တွေရှူရှိုက်ရင်း

ဝိသမ​လောဘ​ဇောတိုက်ခတ်​နေတဲ့​

လေသရမ်း​တွေကိုခွင်း​ဖောက်ရင်း

​နိုင်ငံ​တော်သစ်ဟာ​ ရောက်ကို​ရောက်ရမယ့်ပန်းတိုင်ဆိုတာ သေချာခဲ့တယ်

လမ်းကကြမ်း​တော့

ကြယ်​တွေနွမ်းရတယ်

လွမ်းရတဲ့ငါတို့ရင်ဘတ်​တွေထဲမှာ

ကမ္ဘာမ​ကြေမီး​တွေပွင့်လို့

တရားသဖြင့်ငြိမ်းချမ်းဖို့

တရားသဖြင့်​ပေါက်ကွဲကြရတယ်

ငါတို့ဟာမီးပုံးပျံ​တွေကွဲ့ ။          ။


မိုးချွန်

(​ဖေ​ဖော်ဝါရီ ၇  ၊ ၂၀၂၃ )




Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ