သင်သွားလိုရာ သွားနိုင်ပြီ
ဆောင်းဘောက်က ဖွင့်တဲ့ တရားသံ
နားမခံနိုင်အောင် နာကျင်ရတယ် အမေ
အမေ့သား လူမိုက်ကြီး ကတော့
ဘုရား တရား မေ့နေပြီလား ပေါ့
နံဘေးမှာ ရပ်နေတဲ့ လူတချို့
ကျွန်တော့်ကို စကားမပြောဘူး အမေ
အေးစက်တဲ့ ခံစားချက်ကြီးတွေနဲ့
သူတို့ ငေးငိုင်နေရှာတယ်။
ဖြတ်တိုက်သွားတဲ့ လေညင်းထဲမယ်
နာမည်ခေါ်သံတွေ ကြားနေရတယ်
ခပ်သဲ့သဲ့ ကြားမိလိုက်တဲ့ အသံက
" သင်သွားလိုရာ သွားနိုင်ပြီ " တဲ့လေ
ဒိုင်း ဒိုင်း ဒိုင်း
ဒါဟာ သေနတ်သံ
ထောင်ပစ်လိုက်တဲ့ ကျည်ဆံတွေ
နှမြောတသသနဲ့ ကြည့်နေမိတယ် ။
ငိုနေကျတဲ့ သူငယ်ချင်းတွေက
ကျွန်တော့်နာမည် ခေါ်တာ အမြဲပါလား
မီးရှိူ့ပစ်တဲ့ ကျွန်တော့် အသုံးဆောင်တချို့
ကျွန်တော် ပြေးယူခဲ့သေးတယ် အမေ
ဒါပေမယ့် ကျွန်တော် ကိုင်ခွင့် မရှိခဲ့ဘူး
ကျွန်တော့် ခန္ဓာကြီး မြေကြီးထဲ နစ်မြုပ်သွားချိန်
အော် ငါသေသွားပြီလားလို့ တွေးတောပြီး
ကျလာတဲ့ မျက်ရည် လေပေါ်တင် ပျောက်ကွယ်ခဲ့တယ် ။
အိမ်ကိုပြန်မဲ့ အတွေး ဝင်လာတော့
ခဏအတွင်း အိမ်ရှေ့ရောက်ခဲ့တယ်
ဒါပေမယ့် ဝင်ခွင့်မရရှိခဲ့ဘူး
ဒါ့ကြောင့် လက်နက်တွေနဲ့
ဒီမိုကရေစီကို ရဖို့အတွက်
ခြေလက်တွေနဲ့ လဲတယ်
အနာဂတ်တွေနဲ့ လဲတယ်
အသက်တွေနဲ့ လဲတယ် ။
ကိန်း ( ခရမ်း )
မြစ်ကွေ့ လူထုတော်လှန်ရေး စာစဉ် အတွဲ(၂) အမှတ်စဉ်(၂၂) တွင်ဖော်ပြထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။
Myitkawe
Comments
Post a Comment