Posts

"ကျောက်တုံးခွဲသူများ"

နံရံများကြားထဲက ပန်းချီပြပွဲမှ အပြန် ငါ့စိတ်ထဲမှာ စွဲကျန်လာခဲ့တဲ့ နိမိတ်ပုံက... သူတို့တတွေဟာ ပိတ်မိနေခဲ့ကြတဲ့ ကျောက်မီးသွေးတွင်းထဲမှ ထွက်လာကြတဲ့သူတွေလိုပါပဲ။ သူတို့ရဲ့မျက်နှာတွေမှာ ကျောက်မီးသွေးမှုန့်တွေက ပေကျံနေကြသလိုပဲ မည်းချိပ်လို့နေကြတယ်။ သူတို့ရဲ့ မျက်နှာတွေမှာ ၀မ်းနည်းကြေကွဲဖွယ် မျက်လုံးတွေနဲ့ သူတို့ရဲ့ ဘဝတွေကို ပြန်ပြောပြနေသလိုပဲ။ သူတို့ရဲ့နှုတ်ခမ်းတွေက ဖြူဖတ်ဖြူရော် သွေးရောင်မရှိတဲ့သွားဖုံးတွေ ၀ါကြန့်ကြန့်သွားတွေနဲ့။ သူတို့တတွေဟာ ပန်းချီဆရာ ဗန်ဂိုးကိုတောင် ရူးသွပ်သွားစေနိုင်ခဲ့တဲ့ ကျောက်မီးသွေးတွင်းတူးသမားတွေလိုပါပဲ။ သူတို့တတွေမှာ စိတ်ဓါတ်ကျစရာ လူ့အခွင့်အရေးကလည်း မွေးကတည်းကိုက ဆုံးရှုံးခဲ့ကြတယ်။ သူတို့တတွေဟာ မင်းဒဲလားလိုပါပဲ လွန်စွာမှ ဇွဲကောင်းလှတဲ့ ကျောက်တုံးခွဲသူတွေလိုပါပဲ။  ။ မောင်ဒီ

"သိန်းငှက်တို့ရဲ့သဘာဝ"

သိန်းငှက်ပျိုတို့ရဲ့ ဘဝအစဆိုတာ ဟို .... သစ်ပင်အိုကြီးများရဲ့  ထိပ်ဖျားလောက်ကနေ အောက်ကို ခုန်ချလိုက်တာပဲ။ အဲ့ဒီ့အခါမှာ .... ငှက်ငယ်ဟာ ကြောက်လန့်တကြားနဲ့ တအားအော်ဟစ်ရင်း အတောင်များကို ဖြန့်ကားလိုက်ရာ အာကာသထဲမှာ သူ့ရဲ့အသည်းနှလုံးဟာ ဗြုံး ဆို ပြောင်းသွားခဲ့တယ်လို့ တို့အဘိုးက ကွမ်းတစ်ရိုး ဝါးရင်းနဲ့ ပြောပြခဲ့ဖူးတယ် ။ ။ မောင်ဒီ

"သေခြင်းနှင့်ရှင်ခြင်းရဲ့အနက်အဓိပ္ပါယ်"

လူတွေက သေခြင်းကို ကြောက်လန့်ကြ စိုးရိမ်ကြ နောက်ပြီး... ငိုကြွေးကြနဲ့ ။ တကယ်က သေခြင်းဆိုတာ အဆန်းတော့လည်း မဟုတ်ပါဘူး ။ သူရဲကောင်းတွေအတွက် သာမညကိစ္စတစ်ခုသာပ ။ သူတို့တစ်တွေဟာ သူတို့ရဲ့နိုင်ငံတော်ကို အသက်နဲ့ထပ်တူ ချစ်ကြ ။ ရှင်ခြင်းနဲ့ချစ်ကြသလို လိုအပ်တဲ့အခါများမှာ သေခြင်းနဲ့လည်း ချစ်တတ်ကြရဲ့။ ဒါဟာ သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့ အနက်အဓိပ္ပါယ်ကို သူတို့ဖွင့်ဆိုခဲ့ကြတာပ။ မောင်ဒီ

ဆောင်းရောက်ပြီ

ရောက်ပေါ့ ဆောင်းရောက်ပေါ့ မိုးပျံပူဖောင်းတွေရောက်ပေါ့ သစ်ပင်ပေါ်  မီးလုံးတွေရောက်ပေါ့။ ကားသံတွေ ခရာမှုတ်သံတွေ စိတ်စွဲလန်းမှုနဲ့သကြားနဲ့လုပ်တဲ့မုန့်တွေ ရောက်ပေါ့ ။ နှင်းထဲလမ်းလျှောက်ဖို့တနဂ်နွေ ရောက်ပေါ့ ။ ရုပ်ရှင်ကားသစ်တွေ ရောက်ပေါ့ ။ စကားပြောကြတယ် ချစ်ကြတယ် ။ အဓိပ္ပါယ်မလို အဓိပ္ပါယ်မရှာ ကလေးငယ်များဟာ ကြီးလာတယ် ။ ငါတို့အတွက်ပါမလာတာတွေ ပါလာပါစေလေ။ -အောင်ချိမ့်

"တချို့"

လက်သုံးချောင်းတွေ လေပေါ်မှာ ဆန္ဒပြလူအုပ်ကြီးဟာ လေပေါ်မှာ ရေပေါ်ဆီတွေက လေပေါ်မှာ....။ အရာရာကို  လေပေါ်တင်နေကြသူတွေထဲမှာ တော်လှန်သူငရဲကို တကယ်မြင်နိုင်သူ သိပ်ကို ရှားပါးလွန်းတယ်....။ AKကျည်တတောင့်ကို မြန်မာငွေ တစ်သောင်းဖြစ်နေချိန်မှာ ငွေငါးထောင် အားနာပါးနာလှူဖူးတဲ့ ဘေးအိမ်ကလူက ထပြောတယ် " တော်လှန်ရေး မအောင်သေးဘူးလား " တဲ့ တိုင်းပြည်ကိုသိမ်း ဘဏ္ဏာကို သိမ်းနဲ့ လူ့မိစ္ဆာတွေကနေတဲ့ ယိမ်းမှာ တချို့က စိမ်းစိမ်းကျက်ကျက် နိုင်ရာကို ဝင်ထမ်းကြပေမယ့် တချို့ကျ စိမ်းစိမ်းသက်သက်....။ တောမခိုနိုင်ဘူး လက်နက် မကိုင်နိုင်ဘူး ဒါဟာ အပြစ်မဟုတ်ပါဘူး အကြောင်းပြချက်တွေ မှာ အသက်တွေသီထားရတဲ့ အခါ ကျနော်တို့ကမ္ဘာမှာ နာကျင်စရာတွေ ရှိတတ်ပြန်ရဲ့.....။ -ဝေးလ်

အိမ်

အမေ့စိတ်ကလေးကြည်လင်တဲ့အခါ မနက်စာကိုချော့မော့ကျွေးခံရ အမေ့စိတ်ကလေးညစ်နွမ်းတဲ့အခါ ပူညံ‌သံတစ်ချို့ကြောင့် အိပ်ယာကနေအလူးအလဲထရ အဖေကအိမ်ဦးနတ်ဆို အမေကအိမ်စောင့်နတ်ပဲ တစ်အိမ်လုံး ထောင့်စေ့အောင် စီစစ်သိမ်းဆည်းတာလဲ အမေ ကြင်နာပြုစုတာလည်း အမေ အော်ဟစ်ကျိမ်းမောင်းတာလည်း အမေ အဖေကပင်စည်ဆို အမေကအကိုင်းအခတ်လို တစ်အိမ်လုံးကိုနွေးစေဖို့ တစ်ဘဝလုံးနဲ့ခြုံပြီး ထွေးထားပေးတယ် ရယ်မောပျော်ရွှင်ခဲ့ရသလို ငိုကြွေးပူပြင်းခဲ့ရ ဥမကွဲသိုက်မပျက်ရုံနဲ့ မိနဲ့ဖကို ကျေးဇူးအထပ်ထပ်တင်ရ ထွေးထားရင်ပိုနွေးသလို ဝေးသွားရင်ပိုဆွေးရတယ် ဟိုမှာလေ ငါ့မွေးရပ်မြေ ဟိုမှာလေ ငါတို့အိမ် ဟိုမှာလေ ငါ့မိဘတွေ မမြင်ရတဲ့အရပ်ကိုလက်ညှိုးညွှန် ခိုးခိုးခစ်ခစ်မရယ်နိုင်ခဲ့တဲ့ အိမ်နဲ့ဝေးတဲ့ လမိုက်ညများ ဘဝရဲ့တက်လမ်း တဖြူးဖြူးကိုမြင်နေရ အိမ်ပြန်လမ်းတွေကတော့  ဝေဝေ‌ဝါးဝါးနဲ့ နောက်ကောက်ကျန်ခဲ့ရ ဘယ်ကိုရောက်လို့ ဘယ်နေရာမှာပဲပေါက်ပေါက် ဒီအပင်ငယ်လေးဟာ ဟောဒီ့ မိသားစုဆိုတဲ့အရိပ်ကလေးကို  မြတ်နိုးဆဲ တွယ်တာဆဲ ကာလအပိုင်းအခြားရယ်လို့မရှိ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ပျော်ပျော်မပျော်ပျော် မိဘတွေရဲ့အရိပ်မြုံဆီ  ပြန်ပြန်ပြီးခိုလှုံနေမိဦးမှာပါပဲ ဘယ်အရိပ...

ပြန်ဆုံချင်ပါတယ်

ကောင်းကင်က တစ်ခုတည်းပါပဲ မြေပြင်က တစ်ခုတည်းပါပဲ လေထုက တစ်ခုတည်းပါပဲ .... မင်းနဲ့ငါ  ရှင်သန်စရာက ဒီကမ္ဘာတစ်ခုတည်းပါပဲ မထူးဆန်းဘူးလား .... အဝေးကြီး မဝေးတာတောင် အဝေးကြီး ဝေးကွာနေတာလေ ကြယ်တွေ ကြွေကြွေ၊ မကြွေကြွေ ဆုတောင်းနေရုံပေါ့ ဘဝအဆက်ဆက်ဆိုတာ​​တွေ မမက်​မောပါဘူးကွယ် .... ဒီဘဝတွင်သာ ပြန်ဆုံချင်ပါတယ် ​နွေဦး​ကျော် Stardust